ပြည်တွင်းက သူငယ်ချင်းတယောက်ပို့ ပေးလိုက်တာပါ။
အမ်ဂျီအိုဆို ဘုရားလို့ ထင်နေတဲ့ နိုင်ငံရေးသမားတွေအတွက် တင်ပေးလိုက်ပါတယ်။
မဲဆောက်က UNHCR ဆို ထိုင်းနေတဲ့သူတွေအားလုံးသိမှာပါ။
ကြုံခဲ့ဖူးသည့် အင်န်ဂျီအို
ရဲမျိုးကျော်ခေါင်
(ပြည်တွင်းမှာမှာ ရှိနေတဲ့ အိုင်အင်န်ဂျီအို တွေမှာ ၀င်လုပ်နေသူ
တစ်ဦးရဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ် 7 Day News
ဂျာနယ်၊ မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလိုကိစ္စကို နာဂစ် ပြီးကာစမှာ
မောင်စေတနာ နာမည်နဲ့ ကျွန်တော်တို့ ဆီကို ပို့လာလို့ တင်ပေးခဲ့ဖူးပါတယ်။
အင်န်ဂျီအိုတွေ သာမက ကုလသမဂ္ဂ အဖွဲ့တွေ မှာလည်း အုပ်ချုပ်ရေး ကိစ္စများ
အသုံးစရိတ်နဲ့ အကူအညီလိုတဲ့ သူတွေ လက်ထဲ ရောက်တဲ့ အချိုး
ကွာခြားလွန်းလို့ UN Reform မှာတောင် ထည့်ပြောရတဲ့ အခြေအနေမှာ ရှိပါတယ်။
အင်န်ဂျီအိုတွေ ခေတ်စားလာချိန်မှာ သတိပြုသင့်တဲ့ ကိစ္စဖြစ်လို့ မျှဝေ
ပေးလိုက် ပါတယ်။)
တလော့က ကျွန်တော်၏ မိတ်ဆွေတစ်ဦးက အကြွေး ဆပ်ခိုင်းသည်။
ကျွန်တော်နှင့်အတူ အင်န်ဂျီအို များတွင် လုပ်ဖော် ကိုင်ဖက် ဖြစ်ခဲ့သူ
တစ်ဦး ယူအင်န်လို အဖွဲ့ကြီးတွင် ရာထူးကြီး ရပြီးခါမှ စွန့်လွှတ်ခဲ့သူ
တစ်ဦးဖြစ်သည်။ သူက ကျွန်တော့်ကို အင်န်ဂျီအိုများ အကြောင်း ရေးခိုင်းရာ
ကျွန်တော်က ခေါင်းညိတ်၍ ကတိပေးခဲ့မိသည်။ ထိုအကြွေးကို ဆပ်ခိုင်းခြင်း
ဖြစ်သည်။
သူက ၆နှစ် နီးပါးလောက် အိုင်အင်န်ဂျီအို တချို့တွင် ကျင်လည် ကျက်စားခဲ့ရာ
ထိုသူတို့ အကြောင်း အတော်အတန် သိသည် ဟု ထင်ပါသည်။ အတွင်းစည်း
ဖြစ်ပေသကိုး။
ယခု ကျွန်တော်တို့ နိုင်ငံသည် နာဂစ်မုန်တိုင်းပြီး နောက်ပိုင်းတွင်
အိုင်အင်န်ဂျီအိုများ တဖွဲဖွဲနှင့် ဝင်ရောက် လာခဲ့သလို လူငယ် အများစု
သည်လည်း ဒေါ်လာ ငွေကလေးများ ရလာကာ အလုပ်အကိုင် အခွင့်အလမ်းတွေ
တိုးတက်လာသည်ကို မြင်လာ ရသည်။ ဝမ်းသာပါ၏။ သို့သော်....
သို့သော်၏ နောက်တွင် နိုင်ငံခြားသား ဘာပြောပြော အဟုတ်ထင်သွားမည့်
မျိုးမစစ် ဗမာလေးများ ပေါ်ပေါက်လာမည် ကိုလည်း စိုးရိမ်လာမိခြင်းက ယခု
ဒီဆောင်းပါးကို ရေးဖြစ်စေပါသည်။
ကျွန်တော်တို့ ဗမာလူမျိုးများသည် နိုင်ငံခြားသား ဆိုလျှင် အလိုအလျှောက်
အထင်ကြီး တတ်ကြသည်။ ဟိုအရင် မရင့်ကျက် ခင်တုန်းက ကျွန်တော်လည်း ထိုလူစု
အထဲ၌ ပါဝင်ခဲ့ဖူးပါသည်။ ယခုတော့ အနည်းငယ် ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။
ကျွန်တော် အိုင်အင်န်ဂျီအို တစ်ခုတွင် လုပ်စဉ် မိတ်ဆွေ စာရင်းကိုင်
တစ်ယောက်နှင့် ပြောဖူးသည်။ “အိုင်အင်န်ဂျီအို တွေက ပေးတဲ့ အကူအညီ
ဒေါ်လာဆိုတာ ရဟတ်ယာဉ်ပေါ်က ကြဲချသလိုပါပဲဟာ” ဟုဖြစ်သည်။ လိုအပ်သည့် လူဆီ
ရောက်တာ နည်းနည်း လေထဲ ဝဲသွားတာ များများတဲ့။
ဟုတ်သည်ပဲ။ အိုင်အင်န်ဂျီအိုတွင် လာလုပ်သော နိုင်ငံခြားသားများ၏
လစာငွေကို မေးဝံ့လျှင် မေးကြည့် ကြစေလိုပါသည်။ ကျွန်တော်တို့
မြန်မာလူမျိုး ရသည့် လစာ အမြင့်ဆုံးနှင့် ယှဉ်ကြည့် စေလိုပါသည်။
မိုးနှင့်မြေက နီးပါလိမ့်ဦးမည်။ သူတို့ရသည့် အိမ်၊ ကား၊ အစောင့်၊
အိမ်အကူ၊ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မျှော်လင့်ခွင့် မရှိပါ။
ကျွန်တော် အိုင်အင်န်ဂျီအို သက်တမ်းတွင် တခြားသူများနှင့် စာလျှင်
ရိုးသားသော နိုင်ငံခြားသား တချို့နှင့် အတူတကွ အလုပ်လုပ်ဖူး၍ သူတို့
လျှို့ဝှက်ချက် တချို့ကို သိခွင့် ရခဲ့သည်။ တစ်ခါတစ်ပါးက ကျွန်တော့်
အထက်အရာရှိက သူ့မိန်းမနှင့် ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေသို့ သွားရောက်
လည်ပတ်လိုသည်။ ထိုအခါ ထိုင်းနိုင်ငံရှိ ၄င်း၏ ဘော်ဘော် ထံသို့ မေးလ်
(အွန်လိုင်းမှ စာပို့ခြင်း) ပို့လိုက်သည်။ အကြောင်းပြချက်က အစည်းအဝေး
လုပ်ရန်နှင့် လေ့လာရန်။ ထို့နောက် ထို့နောက် ပေါ့လေ။ ဖူးခက်သို့
စရိတ်ငြိမ်းစေပေါ့။
ထိုမှတစ်ပါး ဘတ်ဂျတ်ကိုင်သော နိုင်ငံခြားသူကလေးက ဌာနချုပ်မှ ကုန်ကျငွေ
စာရင်း တောင်းတောင်းပြီး တောင်းတာ များလွန်း၍ ပရောဂျက်၏ ဘတ်ဂျက်ကို မတရား
ကြပ်ထားသည်။ သူ့အလွန်တော့ မဟုတ်။ ပရောဂျက် ပြီးလို့ ဌာနချုပ်က
ငွေစိုက်ရလျှင် ရှင်းပေရော့။ အလှူရှင် ပိုက်ဆံနဲ့ လောက်အောင်။
ဌာနချုပ်ကို ပြန်ပို့။ ပို့ပုံ ပို့နည်းကတော့ ရှင်းသည်။
ပရောဂျက် ပြီးခါနီးလျှင် Evaluation လုပ်ဖို့ လိုသည်ဟု ဆိုကာ သူတို့လူကို
နှစ်ပတ်ခန့် အချိန်အတွင်း လစာ အများကြီး ပေးပြီး လွှတ်လိုက်ခြင်း ဖြစ်သည်။
ထိုပရောဂျက် အောင်မြင်ရေးအတွက် နည်းလမ်းမျိုးစုံ၊ အရည်အချင်း
မျိုးစုံသုံး၍ အားထုတ်ခဲ့ရသော ကျွန်တော်တို့ မြန်မာများ ကိုတော့ လစာ
တိုးဖို့ ဝေးစွ၊ ဒင်နာ တစ်ပွဲနှင့် နှစ်သိမ့်တတ်သည်။
အဲ၊ အဲဒီ ပရောဂျက်ကြီး ပြီးခါနီးတော့ ငွေတွေ ပိုနေသည်။ လုပ်ကြပါဦး
ဆိုပြီး အဲဒီတော့မှ မျက်ကလဲ ဆန်ပျာ ကျွန်တော်တို့ မြန်မာတွေကို
ပေးကြပါဦး အကြံဉာဏ်တွေပေါ့ ။ ကျွန်တော်တို့ ပေးရပြန်ပြီပေါ့။ ဗီဒီယို
ရိုက်လိုက်လို့။ ဟဲဟဲ အဆုံးသတ်တော့ အဲဒီ ပိုနေတဲ့ ဘတ်ဂျက် လောက်တောင်
မလောက်ဘူး ဖြစ်သွားခဲ့သည်။ အဲဒီ ဗီဒီယိုလေး ကတော့ အခုအချိန်
ချောင်တစ်ချောင်မှာ နားခိုနေမည်မှာ သေချာသည်။
နောက် ကြုံရသည့် အကြီးအကဲက ဘယ်တော့မှ ရုံးမှာမရှိ။ အပတ်စဉ် နယ်လှည့်
နေတတ်သည်။ မေးကြည့်တော့ ခရီးစရိတ်၊ နေ့တွက်ရတာ နည်းတာမှ မဟုတ်တာဟယ် တဲ့။
စာရင်းကိုင်ချုပ်က ရှုံ့မဲ့ပြီး ဖြေတာ ကြုံဖူးသည်။
သို့သော် ရွှေတို့က ထုံးစံအတိုင်း ကံပေါ့လေဟု ဖြေသိမ့်တတ်သည်။
အိုင်အင်န်ဂျီအို အချင်းချင်း အစည်းအဝေး ရှိလျှင် ကွယ်ရာ၌ ကျွန်တော်တို့က
နေတိုး အစည်းအဝေးဟု ကင်ပွန်းတပ်သည်။ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့
(NATO)ဟု မထင်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် ထိုအစည်းအဝေးမှ
ဖြစ်ဖြစ်မြောက်မြောက် ဆုံးဖြတ်ချက် မထွက်ပေါ် လာနိုင်ခဲ့၍ Never Action
Talking Only အတိုကောက် NATO ဟု ခေါ်ပြီး တခွီးခွီး ရယ်ရသည်မှာ ပျော်စရာ။
အခါတပါး ကလည်း အင်န်ဂျီအို တစ်ခုတွင် အုပ်ချုပ်ရေးစနစ်၌ အပေါ်ကနေ
အောက်ကိုသွားသည့် စနစ်က ထိရောက်မှုမရှိ။ ကမ္ဘာမှာ အုပ်ချုပ်ရေး စနစ်တွေ
ပြောင်းပြီ။ ထို့ကြောင့် တို့လည်း ပြောင်းကြစို့ ဟူသော် ပျော်သည်ပေါ့။
အပေါ်မှအောက် မဖြစ်စေရ။ အောက်မှ အပေါ်၊ ကဲ အောက်က ဝန်ထမ်းတွေ ပြောစရာရှိတာ
ပြောပါ။ ထိုအခါ အထာ မနပ်သော ပုဂ္ဂိုလ်တချို့က ထပြောကြသည်။
ဒင်းတို့ ကြာကြာမခံ။ ဖိအားပေါင်းစုံ ဝင်လာတော့သည်။
ထိုရုံးတွင်း အစည်းအဝေးများတွင် ‘ပြောလေ၊ ပြောပြော တစ်ခုပဲ ရှိတယ်။
ပြောတဲ့လူ တရားခံပဲ’ ဆိုပြီး ပါးစပ်ပိတ် ကြိတ်ရယ်ရ ဖူးသည်။
အိုင်အင်န်ဂျီအို များတွင် ကောင်းကွက် များစွာလည်း ရှိပါသည်။ ပရောဂျက်
လုပ်နည်းများ၊ စနစ်ကျအောင် လုပ်နည်းများ ရနိုင်ပါသည်။ အဲ. လူရှိန်အောင်
ဖြဲနည်းများလည်း ရနိုင်ပါသည်။
ကျွန်တော်ဆိုလိုသည်က အိုင်အင်န်ဂျီအိုတိုင်း မကောင်းလို့ မဆိုလိုပါ။
ကောင်းမွန်သည့် အင်န်ဂျီအို များလည်း ရှိပါသည်။
အခုခေတ် လူငယ်တွေ ချင့်ချိန်စဉ်းစား တတ်ဖို့ပင် ဖြစ်ပါသည်။ ထို့အပြင်
မကိုးကွယ်ဖို့ ဖြစ်ပါသည်။
ကျွန်တော်ကတော့ ဒေါ်ဦးဇွန်ကို လေးစားသည်။ ဆရာတော် ဦးဉာဏိဿရကို
လေးစားသည်။ ပရဟိတ လုပ်သည့် ကျွန်တော်တို့ မြန်မာထဲက တကယ့် လူတွေကို
ခေတ်လူငယ်တွေ မေ့နေမှာ စိုးရိမ်မိသည်။ အဲ. နိုင်ငံခြား ဖြစ်မှ တို့
အထင်ကြီးတယ် ဆိုလည်း ဒေါ်လာတန်ခိုးနဲ့ သိပ်ဆိုးတဲ့ ဝိဇ္ဇာတွေကို ပြောစရာ
မရှိတော့ပါ ခင်ဗျား။

No comments:
Post a Comment